24 September 2008

မှတ်ပြီလား

ခွန်နစ်ရက်မြောက်နေ့ ဘုရင်ကြီးဘော်စလု ညီလာခံကျင်းပပြီး စာဆိုတော်တွေကို တစ်ဦးချင်း သူတို့ရေးထားတာတွေကို ထဖတ်ပြခိုင်းတယ်၊ အဲသည်မှာ ပထမဦးဆုံးစာဆိုတော်က ဘုရင်ကြီး မယားများတဲ့အကြောင်း ဆော်ရှုပ်တဲ့အကြောင်းတွေကို ခရေစေ့တွင်းကျရေးထားလိုက်တာ ဘုရင်ကြီးထက်တောင် ပိုသိနေလို့ ဘုရင်ဘော်စလုလည်း ဒေါသဖြစ်လွန်းလို့ သူ့အကြောင်းရေးထားတဲ့ ဘိုင်အိုဂရပ်ဖီကို ဖတ်ပြီးပြီးချင်းပဲ စာဆိုတော်ကို သူ့လက်သုံးတော်ကြိမ်လုံးကြီးနဲ့ ရွှမ်းကနဲနေအောင် တစ်ချက်ဗြင်းထည့်လိုက်တယ်၊ရွှမ်းအားယားယား အီးအော်ဟစ်ပြီး ပထမဦးဆုံးစာဆိုတော်လည်း ကျောကော့သွားတော့တယ်။
ဒါပေမဲ့ ဒုတိယစာဆိုတော်ကလည်း မမှတ်သေးဘဲ မကြောက်မရွံ့ ဘုရင်ကြီးရဲ့ လာဘ်စားပုံ အသေးစိတ် နဲ့ ဆော်ရှုပ်တာတွေကို ဖတ်ပြပြန်တယ်၊ ဘုရင်ဘော်စလုလည်း ဟုတ်တာတွေဖတ်ပြနေတော့ ဒေါသတွေ အဖြစ်ကြီးဖြစ်ပြီး ဒုတိယစာဆိုတော်ကို ကြိမ်လုံးကြီးနဲ့ နှစ်ချက်ဆက်တိုက်ဗြင်းလိုက်ပြန်တယ်၊ရွှမ်း ရွှမ်းအားယားယား အီး အီးအော်ဟစ်ပြီး ဒုတိယစာဆိုတော်လည်း ကျောတင်မက ဟိုဟာပါကော့သွားတယ်။
သည်လိုနဲ့ စာဆိုတော်တွေ တစ်ယောက်ပြီးတစ်ယောက် သူ့မကောင်းကြောင်း နှစ်ချက်ပြောရင် နှစ်ချက်ဗြင်း သုံးချက်ပြောရင် သုံးချက်ဗြင်းနဲ့ ဗြင်းလာလိုက်တာ တစ်ချို့စာဆိုတော်ဆို လေးငါးခြောက်ချက်တောင် အဗြင်းခံရသတဲ့၊ ဘုရင်ဘော်စလုလည်း အတော်ဒေါသဖြစ်နေပြီပေါ့။
သည်အချိန်မှာ နောက်ဆုံးကျန်နေတဲ့ ဘုရင်ကြီးဘော်စလုရဲ့ လက်သုံးတော် နန်းတွင်းစာဆိုတော်ကြီး ဘော်ဖားချွန် က ရဲရဲဝံ့ဝံ့ထရပ်လိုက်ပြီး ဘုရင်ကြီး ဆော်ရှုပ်တာမဟုတ်တဲ့အကြောင်း ကောင်မလေးတွေ တဖက်သတ်ကြိုက်နေလို့ ဘုရင်ကြီးကသနားလိုက်ရတဲ့အကြောင်း၊ လာဘ်စားတာမဟုတ်ပါ အလကားပေးလို့ ယူထားလိုက်တာပါ၊ မိဖုရားတွေကိုလည်း နှိပ်စက်တာမဟုတ်ပါ သူတို့တွေ အသုံးမကျလို့ ဆုံးမပေးရတာပါ စသဖြင့် မဟုတ်က ဟုတ်ကတွေ ဖားပြီးဖတ်ပြနေသတဲ့။
ဘုရင်ကြီးဘော်စလုရဲ့မျက်နှာကြီးက ပြုံးနေတော့ ကျန်တဲ့ နန်းတွင်းသူ နန်းတွင်းသားတွေနဲ့ စာဆိုတော်တွေလည်းအင်း ဒါကြောင့်လည်း ဘော်ဖားချွန် တစ်ယောက် နန်းတွင်းမှာ စာဆိုတော်ကြီးဖြစ်နေတာပေါ့လို့ တွေးမိနေကြသတဲ့၊ ဘာဆုတော်တွေများ ပေးသနားဦးမလဲ လို့လည်း မျှော်လင့်နေကြသတဲ့၊ ဘော်ဖားချွန်လည်း သူ့ရဲ့ဖားတော်ဘွဲ့ ဘိုင်အိုဂရပ်ဖီကြီးကို ဖတ်လည်းဖတ်ပြီးရော ကျန်တဲ့လူတွေကို လက်မအသာထောင်ပြလိုက်ပြီး ပြုံးပြုံးကြီးဖြစ်နေသတဲ့။
အဲသည်အချိန်မှာ နန်းတွင်းစာဆိုတော်ကြီး ဘော်ဖားချွန် အနားကို ရုတ်တရက်ရောက်လာတဲ့ ဘုရင်ကြီးဘော်စလုက ဘာမပြော ညာမပြော သူ့လက်ထဲမှာပါလာတဲ့ ဒါးကြီးနဲ့ ဘော်ဖားချွန်ရဲ့ လက်နှစ်ဘက်တင်မက လျှာကိုပါ ဖြတ်ချလိုက်တော့တယ်၊ ကျန်တဲ့ နန်းတွင်းသူ နန်းတွင်းသားတွေနဲ့ စာဆိုတော်တွေလည်း ဝရုန်းသုန်းကားဖြစ်ကုန်ကြတာပေါ့၊ ဘယ်လိုဖြစ်သွားတာလဲ၊ ဘုရင်ကြီး ရူးသွားပြီလား စသည်ဖြင့် ပဟေဋ္ဌိ အဖြေညှိနေကြသတဲ့။
ဘုရင်ကြီးဘော်စလုကတော့ သူ့ဒါးကြီးမှာ ပေနေတဲ့ သွေးတွေကို သပ်ချနေရင်း စကားတစ်ခွန်းကို အေးအေးလေး ပြောလိုက်ပါတယ်၊
သည်ကောင်က ငါ့နားကပ်ပြီး လိမ်နေတာ၊ ကြောက်ဖို့ ပိုကောင်းတယ်။

No comments:

Post a Comment